ငဖဲမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ငဖဲ ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲ နှင့် စာအုပ်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် ကျောင်းသားလူငယ်များသိရှိ လိုက်နာရမည့်အချက်များ၊ အသိပညာဗဟုသုတတိုးပွားစေရေး သုတ၊ ရသစာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်၊စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းရင်းများ၊ စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့်ရရှိလာမည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုးကျိုးများကို အသိပညာပေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၃ ဒေါ်နှင်းနွယ်အောင်က မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံနှင့် အမျိုးသမီးများအကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ငဖဲမြို့နယ်ပြည်သူ့စာကြည့်တိုက်မှ သုတ၊ ရသစာအုပ်များဖြင့် စာအုပ်ပြပွဲဆောင်ရွက်ပြီး မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် မှတ်တမ်းဓါတ်ပုံများ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ငဖဲ (အ.ထ.က) မှ Grade-6 ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)