မင်းဘူး ဇွန် ၂၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဒေါ်နွယ်နီနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဘင်ခရာ၊ ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ခါးလှည့်ကွင်း၊ ကွန်ပြူတာဉာဏ်စမ်း၊ စကားပုံဆက်၊ အရုပ်ကွင်းစွပ်၊ ဆန်ကောရွက်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြဘုတ်များ၊ စာအုပ်အရောင်းဆိုင်များနှင့် ဌာနဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့် အစားအစာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
ထို့နောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် အစီအစဉ်ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီချင်းဖြင့် သီဆိုပြီး အခမ်းအနားကို ဖွင့်လှစ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍ အားပေးမြှင့်တင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များ ပညာဗဟုသုတ ပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် အားထားရမည့် သားကောင်းရတနာများအနေဖြင့် ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တနှင့် ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငယ်စဉ်ကပင် စာအုပ်၊ စာပေကောင်းများကို ဖတ်ရှုလေ့လာကြရန်လိုအပ်ကြောင်း၊ စာအုပ်၊ စာပေဆိုသည်မှာ မည်မျှနှစ်ကာလ ကြာမြင့်သည် ဖြစ်စေ မဖတ်ရှုရသေးပါက အသစ်ပင်ဖြစ်၍ မိမိအတွက် အသိပညာဗဟုသုတများ ပေးစွမ်းနိုင်ကြောင်း၊ မိမိတို့ဖတ်ရှုလေ့လာမှတ်သားခဲ့သည့် အသိဉာဏ်ပညာဗဟုသုတများကို မှန်ကန်စွာ အသုံးချသွားပါက ကောင်းမွန်သည့် လူ့ဘောင်အသိုက်အဝန်းကို ထူထောင်နိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ငွေကျပ်သိန်း (၅၅) ကို ပေးအပ်ရာ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက လက်ခံရယူပြီး ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသူများကို ဆုများအသီသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ လေးများက “ဖန်ခါးမြေမှဖိတ်ခေါ်သံ”၊ “ပြည်ထောင်စုရဲ့ထာဝရအလှ”၊ “ပညာဘဏ်တိုက် စာကြည့်တိုက်”နှင့် “ဇာတိမာန်” သီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့သည်။
ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း ပထမဆုံးကျင်းပသည့်ပွဲတော်ဖြစ်ပြီး ကာယာ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲမျာနှင့် အမြဲမပြတ်လေ့လာ သင်ယူရေးစကားဝိုင်းများ ထည့်သွင်းပြီး နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကာ အဆိုပါပွဲတော် ဖွင့်ပွဲနေ့တွင် မင်းဘူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူအင်အား ၂၀၀၀ ခန့် လာရောက်ပါဝင်ဆင်နွှဲခဲ့ကြောင်း၊ ယခုပညာသင်နှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် အလားတူ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို (၃၂) အကြိမ်ထိ ကျင်းပပြုလုပ်သွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)