ရန်ကုန် ဇွန် ၂၁
မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းကြီး၏ (၃၁) နှစ်ပြည့် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပပြုလုပ်ရာ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမှာ အမျိုးသမီးလူဦးရေဟာ ၅၃ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးများရဲ့စွမ်းဆောင်နိုင်ရည်များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးရေးရာဝန်ကြီးဌာနကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်မှာ အသစ်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၉၅ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်းကြီးသည် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးမှုတွင် အမျိုးသမီးများနှင့် စီးပွားရေးအခန်းကဏ္ဍကို ပါဝင်မြှင့်တင်နိုင်ရန် ကနဦးအသင်းကြီးတစ်ရပ်အနေဖြင့် တည်ထောင်ခဲ့သည်မှာ (၃၁) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မြန်မာအမျိုးသမီးများ အချင်းချင်းဆက်သွယ်ရိုင်းပင်းမှု၊ ဆွေးနွေးညှိနှိုင်းမှု၊ ပူးပေါင်းလုပ်ဆောင်မှုတို့မှတစ်ဆင့် တိုးတက်ခေတ်မီသော စီးပွားရေးနှင့် စီမံခန့်ခွဲမှုနည်းပညာများအား တိုးတက်မြင့်မားပြန့်ပွားစေရန်ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများစွာအား နိုင်ငံအဝှမ်း ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အထူးအားဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများ တွေ့ရှိခဲ့ရပါကြောင်း၊ မြန်မာအမျိုးသမီးဦးဆောင် MSME များအတွက် Digital Engagement for Women Entrepreneurship and Innovation (DEWI) Program များကို အောင်မြင်စွာဖွင့်လှစ်နိုင်ခြင်းကို တွေ့ရှိရပါကြောင်း၊
နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလတွင် နိုင်ငံပေါင်း (၁၄၄) နိုင်ငံနှင့်အတူ Global Entrepreneurship Week နှင့် Women’s Entrepreneurship Day ကို ဂုဏ်ပြုသည့် အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့နှင့် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်ဆွေးနွေးပွဲများ၊ Networkingများ ကျင်းပနိုင်ခဲ့မှုကိုလည်း ဂုဏ်ယူရပါကြောင်း၊
ပြည်တွင်းပြည်ပမှအဖွဲ့အစည်းများ၊ စီးပွားရေးပညာရှင်များနှင့် ဆက်သွယ်မှုကို အားပေးသည့် ကွန်ရက်ဆက်နွယ်မှုများ ပြုလုပ်ရာတွင်လည်း ပြည်တွင်းအဖွဲ့အစည်း(၂၀)ခုအပြင် အာဆီယံဒေသတွင်း အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ASEAN Women Entrepreneurs Network (AWEN) ၏ နိုင်ငံကိုယ်စားပြု Country Focal Organization အနေဖြင့် ၂၀၁၄ခုနှစ် ကွန်ရက်တည်ထောင်စဉ်မှ စတင်ဆောင်ရွက်နိုင်ခဲ့ပြီး၊ကမ္ဘာ့နိုင်ငံပေါင်း(၁၂၀)ပါဝင်ဖွဲ့စည်းထားသည့်အဖွဲ့အစည်းတွင်မြန်မာနိုင်ငံ အနေနှင့် နိုင်ငံကိုယ်စားပြုအဖွဲ့ဝင်အဖြစ် ၂၀၂၄ခုနှစ်၌ ရရှိခဲ့ပါကြောင်း၊
အသင်းကြီးအနေဖြင့်မြန်မာအမျိုးသမီးစီးပွားရေးထူးချွန်ဆုအပြင် အာဆီယံဒေသတွင်းASEAN Outstanding Women Entrepreneur Award အား မြန်မာအမျိုးသမီးဆုရှင် (၉၃) ဦး ရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ယနေ့မှာလည်း Myanmar Women Entrepreneur Award များကို ချီးမြှင့်သွားမည်ကို သိရှိရသည့်အတွက်လည်း ကြိုတင်ဂုဏ်ပြုစကားပြောကြားလိုပါကြောင်း။
မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်ဒေသများမှာ နေထိုင်ကြတဲ့အတွက် ကျေးလက်နေအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းအပါအဝင် အမျိုးသမီးအဖွဲ့များနဲ့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
အခမ်းအနားအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ အသင်းတည်ထောင်သူအသင်းကြီး၏ နာယက၊ အကြံပေးဒေါက်တာရီရီမြင့်နှင့်အသင်းဥက္ကဋ္ဌ ဒေါက်တာ မြတ်သီတာမြင့်တို့က အမှာစကားများအသီးသီးပြောကြားကြသည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့ နာယကကြီးနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၏တည်ထောင်သူ နာယက၊ အကြံပေး ဆရာမကြီး ဒေါက်တာ ရီရီမြင့်၊ နာယကများ၊ အကြံပေးများ၊ အသင်းကြီး၏ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ အသင်းဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)