သံတောင်ကြီး ဇွန် ၂၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၌ ၂၀၂၆ ခုနှစ် ဇွန် (၂၂) ရက်နေ့တွင် ကျရောက်သည့် ဖခင်များနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် ယမန်နေ့နံနက်(၁၁) နာရီက ဖခင်များနေ့ အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ လူငယ်များနှင့် မိခင်များက ဦးဆောင်ကာ ဖခင်များအား ဂုဏ်ပြုပေးသည့် အစီအစဉ်ဖြစ်ပြီး ဖခင်များအား ဂုဏ်ပြုပေးသည့် သီချင်းများ သီဆိုပေးခြင်း၊ ဖခင်များနှင့်ပတ်သက်သည့် တရားဒေသနာများ ဟောပြောပေးခြင်း၊ ဖခင်များအား ဂုဏ်ပြုသည့် ကဗျာများရေးစပ်ခြင်းတို့ကို ဖတ်ကြားခြင်းနှင့် ဖခင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး နေ့လယ်(၂)နာရီတွင် မြန်မာဘာသာဝတ်ပြုခြင်းအစီအစဉ်တွင် ဖခင်များအား ဂုဏ်ပြုသည့် အစီအစဉ်များ ဆောင်ရွက်ခြင်းနှင့် ညနေ(၄)နာရီ လူငယ်ဝတ်ပြုခြင်း အစီအစဉ်တွင် ဖခင်များကို ဂုဏ်ပြုသောအားဖြင့် အဖေနှင့်ပတ်သက်သည့် သီချင်းများကို မြန်မာဘာသာ၊ ကရင်ဘာသာများဖြင့် ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ (ပြန်/ဆက်)