ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ငဖဲ ဇွန် ၂၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြု လုပ်သည်။

ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းရင်းများ၊ ကျောင်းသားလူငယ်များသိရှိလိုက်နာသင့်သည့်အချက်များနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့်ရရှိလာမည့် ဆိုးကျိုးများကို အသိပညာပေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၃ ဒေါ်နှင်းနွယ်အောင်က မြန်မာအမျိုးသမီးများနှင့်မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုးသမီးများအကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ငဖဲမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်ပြသထားရှိသော မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် မှတ်တမ်းဓါတ်ပုံများ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ငဖဲ(အ.ထ.က)မှ ကျောင်းသား/ကျောင်းသူများကစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)