မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြို့ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် မိုးနှမ်းအထွက်တိုးစံပြကွက် အောင်မြင်ဖြစ်ထွန်းမှု ကြည့်ရှုအားပေး

မကွေး  ဇွန်   

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုသည်  အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Kaung Ka Group Co, Ltt ၏ တန်ဘိုးမြှင့်ထုတ်ကုန် နှမ်းများဖြစ်သည့် အခွံချွတ်နှမ်း၊ သန့်စင်ပြီးနှမ်း အရောင်ရွေးထား ပြီးနှမ်း၊ နှမ်းလှော်မှုန့်၊ နှမ်းဆီမွှေး၊ သန့်စင်ပြီးမြေပဲ၊ သန့်စင်ပြီးပဲမျိုးစုံ၊ သန့်စင်ပြီးပြောင်း၊ မြေဆီနှင့်နေကြာဆီထုတ်လုပ်၍ ပြည်တွင်း၊ပြည်ပသို့ ထုတ်လုပ်တင်ပို့ ရောင်းချခြင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများရောက်ရှိစဉ် ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်မိုးမိုးမြတ်ကိုက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တွေ့ကြုံနေရသည့် လုပ်ငန်းအခက်အခဲများ ပြေလည်စေရေး၊ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ ဈေးကွက်ချဲ့ထွင်နိုင်ရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ပြောကြားကာ၊ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးကာ စက်ရုံအတွင်းလှည့်လည်ကြည့်ရှု အားပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် သပြေစမ်းကျေးရွာ ကွင်းအမှတ်-၁၆၇၀/ဃ တောင်သူ ဦးဇော်ကြီး၏ မိုးနှမ်းအထွက်တိုးစံပြကွက် ဧက ၂၀.၀၀ သို့ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက နှမ်းသီးနှံစိုက်ပျိုးထုတ် လုပ်မှုတိုးတက်ရေးအတွက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးကောင်မျိုးသန့်ရရန်မျိုးသန့်ပွားများရေး ဆောင်ရွက်ထားသည့် စိုက်ခင်းဖြစ်ပြီး၊ ယခုနှစ်မိုးရွာသွန်းမှု မျှတစွာ ရွာသွန်း၍ စိုက်ချိန်စော၍ စိုက်နိုင်ခဲ့သည့်အတွက်  လျားထားချက်ပြည့်မီအောင်စိုက်နိုင်ကာ၊ ယခုလိုအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း မိုးနှမ်းသီးနှံ ၁၁သိန်းကျော် စိုက်က်ရန်လျာထားကာ၊ ၁၅.၆.၂၆ နေ့ထိ မိုးနှမ်းသီးနှံ ၁၀၀၆၂၀၈ ဧက ၁၀ သိန်းကျော်စိုက်ပြီးဖြစ်ကြောင်း  ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လယ်ယာကဏ္ဍသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး ဈေးကွက်မှာယှဉ်ပြိုင်နိုင်တဲ့ အရည်အသွေးကောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့်  တောင်သူ တစ်ဦးချင်းဝင်ငွေတိုးတက်လာပြီး တောင်သူလယ်သမားများရဲ့ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများကို မိမိတို့ရဲ့လယ်ယာ လုပ်ငန်းခွင်မှာ တစ်ဦးချင်းစီတိုင်းက လိုက်နာဆောင်ရွက်သွားကြရန်မှာကြားခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)