ပြည် ဇွန် ၂၂
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သိရီရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြတ်မင်းကြူက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးသီရိခင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပရာ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့် မြို့နယ်ပညာရေးမှုးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးလွင်တို့က စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး G-11 မှ ကျောင်းသား၊ ကျောင်းသူ (၄) ဦးတို့က လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်သဘာဝပတ်ဝန်းကျင် စသည့်အကြောင်းအရာတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် စိတ်ပါဝင်စားစွာဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်စန်းစန်းအေးက အမှတ်တရဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုကြကြောင်း သိရသည်။
ဝဏ္ဏထွန်း (ပြန်/ဆက်)