ကော့ကရိတ်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့်မူးယစ်‌ဆေးဝါးအန္တရာယ်အသိပညာ‌ပေးနံရံကပ်စာ‌စောင်များ ပြသ

ကော့ကရိတ် ဇွန် ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာနိုင်စေရေး၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်နိုင်‌စေရေးတို့အတွက် ပညာရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အ.ထ.က (ခွဲ)လှိုင်ဝကျောင်း၌ ပြုလုပ်ကျင်းပခဲ့သည်။

ဦးစွာ ခရိုင်ပညာရေးမှူး ဦးခွန်အောင်မျိုးဆွေမှ လူငယ်နှင့်အားကစားသည် တွဲလျက်တည်ရှိနေနိုင်ပြီး လူငယ်နှင့်မူးယစ်ဆေးဝါးသည် ဆန့်ကျင်ဘက်သဘောသာတည်ရှိနေသောကြောင့် စူးစမ်းချင်သည့်စိတ်ဆန္ဒ အတွေးခေါ်ကောင်းများကို မွေးမြူနိုင်ရေး၊ ပညာရေးကိုအာရုံစိုက် သင်ကြားနိုင်ရေးအတွက် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက စိတ်ကို‌ပြောင်းလဲစေသော မူးယစ်‌ဆေးဝါး၏ ဆိုးကျိုးများ၊ လူငယ်များစာဖတ်သည့် အ‌လေ့အကျင့်များ‌ မွေးမြူရန်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးတို့ကိုလည်းကောင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်အေးအေးအောင်မှ ကိုယ်လက်လှုပ်ရှားမှုအတွက် မိမိနှင့်ကိုက်ညီမည့်ကစားနည်းများ ပုံမှန်လေ့ကျင့် ကစားပေးမှသာ ဦးနှောက်ဉာဏ်ရည်များ ရှင်သန်လာမည်ဖြစ်ကြောင်း၊ ယှဉ်ပြိုင်၊ရိုးရာ၊ အပန်းဖြေ၊ လူထုအားကစားနည်းများသည် ကျန်းမာရေးအတွက်များစွာ အထောက်အကူဖြစ်စေပါကြောင်း တို့ကိုလည်းကောင်း၊ ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လဲ့မောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ရီရီခိုင်တို့က ကျောင်းသား၊ ကျောင်းသူများသိရှိလိုက်နာသင့်သည့် အကြောင်းအရာတို့ကို အသီးသီးအသိပညာ‌ ပေးဟောပြောခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသားလူငယ်များက မိမိတို့သိလိုသည့်အကြောင်း အရာများကို အပြန်အလှန်မေးမြန်းခဲ့ကြသည်။

ထို့နောက် မြို့နယ်အားကစားမှူးမှ အဆိုပါ‌ကျောင်းအတွက် ဘတ်စကတ်ဘော တစ်စုံလှူဒါန်း ပေးခဲ့‌ရာ ကျောင်းသားများက လက်ခံရယူခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအကြောင်းအရာပါ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)