ဘားအံ ဇွန် ၂၃
မျိုးဆက်သစ်ရိုးရာလက်ဝှေ့အားကစားသမားများပေါ်ထွန်းလာစေရေးနှင့် ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းကပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကလပ်ပေါင်းစုံမှအားကစားသမားများအနေဖြင့် လေ့ကျင့်ထားကြသည့် နည်းစနစ်များကို အကောင်းဆုံးအသုံးချပြီး သန့်ရှင်းစင်ကြယ်စွာယှဉ်ပြိုင်ကာ အရည်အချင်းကိုအဆင့်အတန်းရှိရှိပြသ၍ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာခြင်းအားဖြင့် ရိုးရာလက်ဝှေ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးကြစေလိုကြောင်း ပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
အဆိုပါပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ ရိုးရာလက်ဝှေ့ကလပ် ၂၀ ခုမှ ပြိုင်ပွဲဝင်လက်ဝှေ့အားကစားသမား အမျိုးသား/အမျိုးသမီး ၆၆ ဦးဝင်ရောက်ယှဉ်ပြိုင်ကြရာ အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ သတ်မှတ်ကီလိုတန်းအလိုက် ပြိုင်ပွဲအားစတင်ကျင်းပရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လက်ဝှေ့အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲကို ဇွန်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ ၃ ရက်ကြာကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲမှ ထူးချွန်ထက်မြက်သည့်အားကစားသမားများကို ပြည်နယ်လက်ရွေးစင်အဖြစ် ရွေးချယ်စခန်းသွင်းလေ့ကျင့်စေ၍ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်)