လိပ်သို ဇွန် ၂၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် လူထုကျန်းမာရေလုပ်သား(အကျဉ်းချုံး) သင်တန်းကို ယနေ့နံနက် ၉ နာရီက တိုက်နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဘုန်းတော်ကြီး Rev.Fr ရစ်ချက်၏ အဖွင့်ဆုတောင်းမေတ္တာဖြင့် သင်တန်းကို ဖွင့်လှစ်ခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က မိမိဒေသတွင်းတွင် ကျန်းမာရေးမြှင့်တင်မှုများ ပိုမိုလုပ်ဆောင်သင့်ကြောင်း၊ ယခုသင်တန်းသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကျိုးပြုသော သင်တန်းတစ်ခုဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့မိမြို့ဖ ဦးစောဂျေအေဝင်းမြင့်က သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် အခြေခံရှေးဦးစောင့်ရှောက်နည်းများ တတ်မြောက်ထားလျှင် မိမိရပ်ရွာ၊ မိမိဒေသရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အကျိုးပြုနိုင်မှာဖြစ်ကြောင်း အကြံပေးပြောကြားခဲ့သည်။
ဆက်လက်ပြီး လိပ်သိုတိုက်နယ် ကျန်းမာရေးမှူး ဆရာမဒေါ်မိမိုးမိုးခိုင်က မိမိတို့ရပ်ရွာ၌ အရေးပေါ် ကျန်းမာရေးပြဿနာများ ကြုံတွေ့လာရသောအခါကိုယ်တိုင် စောင့်ရှောက်နိုင်ရန်နှင့် ကျန်းမာရေးဝန်ထမ်းများ လက်လှမ်းမမီသော ကျေးလက်ဒေသများတွင် ပြည်သူတို့၏ အားကိုးရသူများ ဖြစ်လာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ လူထုကျန်းမာရေးလုပ်သားများအနေဖြင့် ပို့ချပေးသည့် ဘာသာရပ်ဖြင့် လက်တွေ့နယ်ပယ်တွင် ထိရောက်စွာ အကျိုးရှိရှိပြန်လည်အသုံးချစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ တက်ရောက်ကြသော ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ စေတနာ့ကျန်းမာရေးဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ (၅၀) ဦးတို့အား ဇွန်လ (၂၂) ရက်မှ ဇူလိုင်လ (၅) ရက်နေ့အထိ (၁၄) ရက်တာ လူထုကျန်းမာရေးဆိုင်ရာ ပညာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နော်ဖလောရင်း