လှိုင်းဘွဲမြို့၌ မူးယစ်ဆေးဝါးများနှင့်လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ဥပဒေဆိုင်ရာကိစ္စရပ်များအကြောင်း လူငယ်ရေးရာသိပညာပေး  

လှိုင်းဘွဲ    ဇွန် ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့်လူကုန်ကူးမှုအန္တရာယ်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ဥပဒေရေးရာ၊ တရားစီရင်ရေးဆိုင်ရာနှင့်   ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အသိပညာပေးဟောပြောပွဲကို ဇွန်(၂၂)ရက်က မြိုင်ကြီးငူအထူးဒေသ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း  ပညာသင်တန်းကျောင်းနှင့်ကြာအင်းကျေးရွာရှိ  အခြေခံပညာ အထက်တန်းကျောင်းတို့၌ ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောသော်တာလင်းသန့်က လူမှောင်ခို၊ လူကုန်ကူးမှုအန္တရာယ်များကို ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်းများ၊ အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော  ကျောင်းသား၊ ကျောင်းသူများအတွက် ကရင်ပြည်နယ် ဘားအံမြို့၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့တို့တွင်ဖွင့်လှစ်ထားရှိသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများတွင်   တက်ရောက် သင်ကြားနိုင်သည့်သတ်မှတ်ချက်များနှင့်အခွင့်အလမ်းများ၊ အဆောင်နေကျောင်းသား၊ ကျောင်းသူများ၏  စားသောက်စရိတ်ကို ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ပေးမည့်အကြောင်းများကို    ဟောပြောဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးရီက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးရေးဆိုင်ရာအကြောင်းများကို ဟောပြောသည်။ ထို့နောက် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငွေက ဥပဒေရေးရာ၊ တရားစီရင်ရေးဆိုင်ရာနှင့်ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ မြို့နယ်ဥပဒေအထောက်အကူပေးရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးနေသည့်လုပ်ငန်းများအကြောင်း၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဌ ဦးဌေးဝင်းက မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအကြောင်းကို အသိပညာပေး ဟောပြောသည်။

 ဟောပြောပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှပေးပို့သည့် ၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို သင်တန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့်  လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)