ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ရေတာရှည်မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြည့်ရှုစစ်ဆေး

ရေတာရှည် ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာထူးခြားအောင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ရေတာရှည်မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ပူးပေါင်းဖြည့်ဆည်းပေးနိုင်ရေး ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးလူမှုရေးဝန်ကြီးနှင့်အဖွဲ့သည်မြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားရုံသို့ရောက်ရှိပြီး ဘောလုံးကွင်းနှင့်ပွဲကြည့်စင်အား ကြည့်ရှု၍ မြို့နယ်အဆင့်နှင့်အညီဆောင်ရွက်ရန်၊ အားကစားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားရမည့် အခြေအနေများအား တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆွာတိုက်နယ်ဆေးရုံ၊ မြို့လှတိုက်နယ် ဆေးရုံနှင့်ရေနီတိုက်နယ် ဆေးရုံများရှိ အရေးပေါ်နှင့်ပြင်ပလူနာ ဌာနများအား လှည့်လည် ကြည့်ရှုစစ်ဆေးကာ မီးကြိုးလိုင်းများအား စနစ်တကျရှင်းလင်း သပ်ရပ်စွာ ဂရုပြု ထိန်းသိမ်းလုပ်ဆောင်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်း ရေတာရှည်သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ခံခဲ့ရသည့် အဆောက်အဦများအား ကြည့်ရှုစစ်ဆေး၍ကျောင်းသူ/သားများအန္တရာယ်ကင်းရှင်းအောင် စနစ်တကျဆောင်ရွက်ထားရန်၊ ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းမှုကဏ္ဍများအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပူးပေါင်းဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)