လက်ပံတန်း ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင် ထူးချွန်ဆုရရှိသူများနှင့် ဖြေဆိုအောင်မြင်သူများအား ဂုဏ်ပြုဆုပေးပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို (၂) လမ်း မြို့နယ်ခန်းမ၌ ဇွန်လ (၂၁) ရက်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး သုတစုံလင်အဖွဲ့ ဗဟိုဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ပဏ္ဍိတဘိက္ခုနှင့် မြို့နယ်သံဃနာယကဥက္ကဋ္ဌ စည်တော်ကြီးကျောင်းဆရာတော် ဥူးဉာဏိန္ဒတို့က ဝမ်းမြောက်ဩဝါဒစကားချီမြှင့်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်က သာသနာရေးဆိုင်ရာကိစ္စများလျှောက်ထားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲတွင် လက်ပံတန်းမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၃၇၇ ဦး ဝင်ရောက်ဖြေဆိုရာ ဖြေဆိုအောင်မြင်သူ ၁၇၂ ဦး၊ ဗဟိုအဆင့် စတုတ္ထဆုရ မမေသီရိစံနှင့် ဗုဒ္ဓဝံသဝိသာရဒဘွဲ့ရ ၉ ဦးတို့အား သုတစုံလင်အဖွဲ့ဗဟိုဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ်သုတစုံလင်အဖွဲ့ ဩဝါဒစရိယဆရာတော်များနှင့် တာဝန်ရှိသူများက ငွေသားနှင့် ဆုတံဆိပ်များ ချီးမြှင့်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပိတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)