ဝေါ ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်းနေရာယူ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင် ဦးရဲထွန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တိုးဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်စိုးနှင့် မြို့နယ်အားကစားကော်မတီဥက္ကဋ္ဌ ဦးဋ္ဌေးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် စစ်ကြောင်းမှူးနှင့် ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှ အားကစားသစ္စာအဓိဌာန် (၄) ချက်ရွတ်ဆို၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ဘောလုံးကော်မတီအဖွဲ့ဝင်များမှ ပြိုင်ပွဲဝင်မည့် အားကစားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး၊ စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်း (၂၄) အသင်းများမှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌအား ချီတက်အလေးပြုခဲ့ကြသည်။
အဆိုပါ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့က ကပြဖျော်ပေးပြီး၊ ၎င်းဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့၊ ဖဲကြိုးကိုင်အဖွဲ့နှင့် အစီအစဥ်တင်ဆက်သူတို့အား မေတ္တာလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
အာကာ (ပြန်/ဆက်)