ပွင့်ဖြူမြို့နယ်၌ ဆန်စပါးဈေးကွက် တည်ငြိမ်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ ဇွန် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ဆန်စပါးဈေးကွက် တည်ငြိမ်စေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ယမန်နေ့က ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းများနှင့် ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ဆန်စက်လုပ်ငန်းများနှင့် ဆိုင်အရောင်းဆိုင်များသို့ သွားရောက်၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဆန်စပါးဈေးကွက် တည်ငြိမ်ရေးနှင့် ပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် လုပ်ငန်းခွင်အလိုက် ဆန်စပါးဝယ်ယူကြိတ်ခွဲမှုအခြေအနေများနှင့် သိုလှောင်ထားရှိမှုများ၊ ဈေးကွက်ဖြန့်ဖြူးရောင်းချနေမှုများနှင့် ဖြန့်ဖြူးရောင်းချရာ၌ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ ၊ မရှိ အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ဝယ်ယူစားသုံးသူများ အဆင်ပြေစေရန် ထုတ်ကုန်လုံခြုံမှုရှိအောင် စနစ်တကျ ဆောင်ရွက်ရေး၊ ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် အလေးထားဆောင်ရွက်ရန်၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုအား သက်တမ်းတိုးရန်ရှိပါက သက်တမ်းတိုးဆောင်ရွက်သွားရန်နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လုပ်ကိုင်ကြရန်တို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )