ဗိုလ်တထောင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ Book Club စစာဖတ်ဝိုင်းကျင်းပပြုလုပ်

ဗိုလ်တထောင် ဇွန် ၂၃

ဗိုလ်တထောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ဇွန်လ (၂၁) ရက်နေ့နံနက် (၁၀) နာရီခွဲအချိန်က book club စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။ ပထမဦးစွာဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်ဝင်းကြည်က book club စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းဖြင့် လူကြီးလူငယ်လူလတ်ပိုင်းတွေမကျန် အရွယ်သုံးပါးစာဖတ်ဝိုင်းများဆောင်ရွက်ခြင်းဖြင့် စာဖတ်စွမ်းရည်တွေ တိုးပွားလာမည်ဖြစ်ကြောင်းပြောကြားပြီး စာရေးဆရာဖေမြင့်ရေးသားသော စဉ်းစားခြင်းစာအုပ်မှ အကျပ်အတည်းကြားမှ စဉ်းစားကြံဆတတ်သူများ ခေါင်းစဉ်ပါအသက်ဘေးမှ လွတ်မြောက်အောင်ရုန်းထွက်သည့် မီးသတ်သမား၏လျှပ်တပြတ်ဉာဏ်၊ မြည်းတိုင်းဉာဏ်နည်းသလား၊ တစ်ပန်းရှုံးသော အနေအထားမှာ ယှဉ်ပြိုင်အနိုင်ရသူများအကြောင်း၊ အင်အားချိန်ခွင်လျှာကို ပြောင်းလဲပစ်သည့် လူ့ဘီလူးကြီးဂိုလိုင်းယက် (သ) ကိုဒေးဗစ်အနိုင်ယူခဲ့ပုံအကြောင်းတို့ကို ဖတ်ကြားခဲ့သည်။

ထို့နောက် စဉ်းစားစရာ ပြဿနာများ (အထွေထွေ) ခေါင်းစဉ်ပါအကြောင်းအရာများ၊ စဉ်းစားကြသည့်အခါ စဉ်းစားစရာ၊ စဉ်းစားခြင်းဆိုင်ရာ နည်းနာများ ခေါင်းစဉ်များပါအ​ကြောင်းအ ရာများအား တက်ရောက်လာသော book club အဖွဲ့ဝင်များမှ အလှည့်ကျဖတ်ကြားကြပြီး စာရေးဆရာမ မေရန်ကုန်မှလည်းကောင်း၊ ဗိုလ်တထောင်မြို့နယ် book club အဖွဲ့ဝင်များဖြစ်ကြသော ဦးထွန်းသာ၊ ဦးနေဝင်းအောင်၊ ဦးသန်းနိုင်တို့မှ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတရသစာအုပ်များ၊ ရေကိုချွေတာပါနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်စားစွာကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခင်ဝင်း(ပြန်/ဆက်)