မကွေး ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးမြို၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာစီစာကုံးပြိုင်ပွဲကို မကွေးမြို့၊ အ.ထ.က(ခွဲ)ကန်သာမှ အလယ်တန်းအဆင့် ကျောင်းသူ/ကျောင်းသားများက “ လူငယ်နှင့်မူးယစ်အန္တရာယ် ” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူလေးများအား မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေအထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး သုတ၊ ရသစာအုပ်စာစောင်များနှင့် နံရံကပ်ပြဘုတ်များကိုပြသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများမှ ဆုရရှိသူများကို ဇွန် ၂၄ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဆုရရှိသူများအားဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မကွေးခရိုင်ရုံးအနေဖြင့် ပြည်သူအသိပညာပေးလုပ်ငန်းများဖြစ်သည့် ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ နံရံကပ်စာစောင်ပြပွဲများ၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)