ဖြူး ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က စည်ပင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ဖြူးမြို့နယ် ဥပဒေအရာရှိ ဦးသူရဝင်းမှ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ/နည်းဥပဒေများ၊ လောင်းကစား ဥပဒေ/လုပ်ထုံးလုပ်နည်းများ၊ ငြိမ်းချမ်းစွာစုဝေးခြင်း/စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ သင်ခန်းစာများကို ပို့ချပေးကြောင်းနှင့် သင်တန်းကာလမှာ (၂၂-၆-၂၀၂၆) ရက်နေ့မှ (၂၆-၆-၂၀၂၆) ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)