ကျိုက်ထိုမြို့နယ်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဖွင့်လှစ်

ကျိုက်ထို ဇွန် ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် မြို့နယ်မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကျိုက်ထိုမြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်မှ ယခုဖွင့်လှစ်သည့်သင်တန်းသည် မီးဘေးအန္တရာယ်နဲ့ကြုံတွေ့လာပါက တပ်ဖွဲ့ဝင်များ မရောက်ရှိမီ ကြိုတင်မီးငြိမ်းသတ်နိုင်မည့် အခြေခံမီးသတ်ပညာများကို သင်ကြားပို့ချပေးသွားမှာဖြစ်သည့်အတွက် မီးလောင်မှုကြီးအဆင့်သို့ မရောက်ရှိ‌အောင် ကာကွယ်နိုင်သည့်အတွက် အလွန်ကောင်းမွန်သည့် သင်တန်းဖြစ်ကြောင်း သင်တန်းမှသင်ကြားပို့ချပေးမည့် ပညာရပ်များကိုလည်း စနစ်တကျ လေ့လာသင်ယူကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးရဲညွန့်ထွေးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းတွင် သင်ကြားပို့ချမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသား (၃၅)ဦး တက်ရောက်ပြီး သင်တန်းတွင် အခြေခံမီးသတ်ပညာဘာသာရပ်၊ မီးငြိမ်းသတ်ရေး ဘာသာရပ်များအား ဇွန် ၂၂ ရက်နေ့မှ ၂၈ ရက်နေ့ထိ (၁)ပတ်ကြာ စာ‌တွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ပြည့်ဖြိုး (ပြန်/ဆက်)