ဆဋ္ဌမအကြိမ် ကေတုမတီဗုဒ္ဓဝင် ယှဉ်ပြိုင်ပူဇော်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်

တောင်ငူ ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ KMA ကေတုမတီဟိုတယ်၊ ဘုရင့်နောင်ခန်းမ၌ ရွှေဆံတော်မရမ်းကျောင်းဆရာတော်ကြီးနှင့် သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော် အရှင်တိက္ခာသာရတို့ ဦးဆောင်၍ ဆဋ္ဌမအကြိမ် ကေတုမတီဗုဒ္ဓဝင်ယှဥ်ပြိုင်ပူ‌ဇော်ပွဲ(စင်တင်)ကို ဇွန် ၂၀ ရက်နေ့မှစတင်၍ ကျင်းပလျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။

အဆိုပါစာမေးပွဲကို ဇွန် ၁၈ ရက်နေ့ ၂၁ ရက်နေ့အထိ ဗုဒ္ဓဘာသာ ဓမ္မအမေးအဖြေများကို ရေးဖြေ၊ နှုတ်ဖြေ ကျင်းပခဲ့ခြင်းဖြစ်ပြီး အငယ်တန်း၊ အလတ်တန်း၊ အဆင့်မြင့်တန်း၊ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ ထို့နောက် ဆုရရှိသူများအား ကြေညာ၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ ရွှေဆံတော်မရမ်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအရှင်တေဇောသာရထံမှ သြဝါဒ နာယူကြည်ညိုပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးထူးခြားအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် တာဝန်ရှိသူများက သင်တန်းအသီးသီးအတွက် အလှူရှင်များထံမှ အလှူငွေများလက်ခံခြင်းနှင့် အငယ်တန်း၊ အလတ်တန်း၊ အဆင့်မြင့်တန်းတို့တွင် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး+ ဒေါ်ဝင့်ရည်အေးမိသားစုက ယှဉ်ပြိုင်ပူဇော်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး မတည်လှူဒါန်း၍ တက်ရောက်သူ ကျောင်းသား ကျောင်းသူ (၁၀၀၀)ကျော်တို့အား

နံနက်စာ၊ နေ့လယ်စာ ထမင်းအလှူဒါနကျွေးမွေးလှူဒါန်းပေးခဲ့ပြီး အခြားအလှုရှင်များကလည်း ကျပ်သိန်း(၃၀၀)ကျော် လှူဒါန်းကြသည်။

 ထို့ပြင် နိုင်ငံကျော် အဆိုတော်များကလည်း ဓမ္မတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)