ရွှေတောင် ဇွန် ၂၃
နိုင်ငံသားတိုင်း တရားဥပဒေစိုးမိုးမှုရရှိစေရေး၊ နိုင်ငံသားတိုင်း ဥပဒေအသိပညာရရှိစေရေး၊ ဥပဒေ၏အကာအကွယ်ကို အညီအမျှရရှိစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်ဥပဒေရုံးမှ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ဥပဒေအရာရှိ ဒေါ်အိအိမာက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဥပဒေဘာသာရပ်အကြောင်းအရာများ၊ သင်တန်းတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဇွန်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ မြို့နယ်ဥပဒေအရာရှိ ဒေါ်အိအိမာမှ သင်တန်းနည်းပြအဖြစ်ဆောင်ရွက်ပြီး သင်တန်းသား/သင်တန်းသူ(၅၁)ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ (ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ)၊ လောင်းကစားဥပဒေ (လောင်းကစားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ)၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ/နည်းဥပဒေများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ/နည်းဥပဒေများ၊ ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေ စသည့်အကြောင်းအရာများအား စာတွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)