ကော့ကရိတ်မြို့တွင် လူငယ်ရေးရာနှင့် မူးယစ်‌ဆေးဝါးအန္တရာယ်အသိပညာ‌ပေး 

ကော့ကရိတ် ဇွန် ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာနိုင်စေရေး၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်နိုင်‌စေရေးတို့အတွက် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁နာရီက အထက(ခွဲ)ဝင်းကြီးကျောင်း ပုလဲရတနာခန်းမ၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ရီရီခိုင်က ကျောင်းသား/ကျောင်းသူများ၏ ပညာရေးကဏ္ဍမြှင့်မားစေရေးအပြင် ကျန်းမာရေး၊ ဉာဏ်ရည်မြှင့်မားစေရေး၊ ဘက်စုံထူးချွန်စေရေးအတွက် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်ဘဝမြှင့်တင်ဆောင်ရွက်ပေးခြင်းသည် အနာဂတ်ပန်းကောင်းများ ပွင့်ဖူးစေရေး စာ‌ပေကောင်းများဖတ်ရှုရန် လိုအပ်ပါကြောင်း တိုက်တွန်းဟောပြောသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက လူငယ်များ လမ်းမှားမရောက်စေရေးအတွက် စာများများဖတ်ရန်၊ မိမိသိထားသော အသိပညာဗဟုသုတများကို လက်တွေ့အသုံးချတတ်ရန်၊ စူးစမ်းလေ့လာခြင်းသည် အသိပညာကြွယ်ဝစေပြီး အသုံးချမှုမှန်ကန်စေရေးနှင့် မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရေးတို့အတွက်  စာဖတ်ခြင်း၏အကျိုးကျေးဇူးတို့ကို ဟောပြောပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်အေးအေးအောင်မှ ကိုယ်လက်လှုပ်ရှားမှုအတွက် မိမိနှင့်ကိုက်ညီမည့်ကစားနည်းများ ပုံမှန်လေ့ကျင့် ကစားပေးမှသာ ဦးနှောက်ဉာဏ်ရည်များ ရှင်သန်လာမည်ဖြစ်ကြောင်း၊ ယှဉ်ပြိုင်၊ ရိုးရာ၊ အပန်းဖြေ၊ လူထုအားကစားနည်းများသည် ကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်စေပါကြောင်း ဟောပြောသည်။

ထို့နောက် မြို့နယ်အားကစားမှူးမှ အဆိုပါ‌ကျောင်းအတွက် ပိုက်ကျော်ခြင်း တစ်စုံလှူဒါန်းပေးခဲ့‌ရာ ကာယဆရာက လက်ခံရယူခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)