ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲ၊ နံရံ ကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ကာယဉာဏပြိုင်ပွဲများပွဲ ကျင်းပ

ပုဇွန်တောင် ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်စာအုပ်ပြပွဲနှင့် ကာယဉာဏပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် စာအုပ်ပြပွဲနှင့်ကာယဉာဏပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါးဆောင်ပုဒ်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စိတ်ဓာတ်ခိုင်မာသန်စွမ်းရေး အားကစားကဏ္ဍ မြှင့်တင်ပေးမူးယစ်ဆေးကို ရှောင်ကာမနှေးမူးယစ်ဆေးဝါး အမျိုးအစားများဖြစ်သည့် မူးယစ်ဆေးဝါးအုပ်စုငါးမျိုး၊ ဆေးလိပ်/ ကွမ်းယာများ၏ ဆိုးကျိုးနှင့်အန္တရာယ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်များကို တားဆီးကာကွယ်နှိမ်နင်းခြင်း အကြောင်းအရာများ၊ မူးယစ်ဆေးဝါးသည် လူညွှန့်တုံးစေသည်အထိ ဖြစ်စေနိုင်ကြောင်း မူးယစ် ဆေးဝါးကို စတင်အသုံးမပြုမိအောင် သတိပြုရှောင်ကြဉ်ရန် ဟောပြောခဲ့သည်။ ဆက်လက်ပြီး ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ဟောပြောပွဲအပြီး ကျောင်းသား/ကျောင်းသူများက ကလေးစာဖတ်ခန်းမတွင် စကားပုံဆက် ပြိုင်ပွဲနှင့် ဘယ်ခြေညာလက်ပြိုင်ပွဲများကို ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်