DEMU မြန်နှုန်းမြင့်ရထားပြေးဆွဲနိုင်ရေး ရထားလမ်း/ကားလမ်းကူးနေရာများ စနစ်တကျဆောင်ရွက်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး လမ်းညွှန်မှာကြား

ကျိုက်ထို ဇွန် ၂၃

ရန်‌ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် DEMU မြန်နှုန်းမြှင့်ရထား ပြေးဆွဲနိုင်ရေးအတွက် လမ်းပိုင်းတစ်လျှောက်ရှိ ရထားလမ်း/ကားလမ်းကူး နေရာများသတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက လမ်းညွှန်မှာကြားခဲ့သည်။

ခရိုင်နှင့်မြို့နယ်အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပြည်နယ်ဝန်ကြီးတို့ ယမန်နေ့နံနက်ပိုင်းက ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် DEMU မြန်နှုန်းမြှင့်ရထား ပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်သည်။

ပြည်နယ်ဝန်ကြီးက ရန်‌ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတစ်လျှောက် ရထားလမ်း/ကားလမ်းကူးနေရာများတွင် မောင်းတံဂိတ်၊ အစောင့်တဲ၊ ဂိတ်စောင့်နှင့် ရပ်၊ ကြည့်၊ သွား ဆိုင်းဘုတ်များထားရှိပြီး စနစ်တကျရှိရေး၊ တရားမဝင်လမ်းကူးနေရာများ ပပျောက်ရေးတို့ကို သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ကျိုက်ထိုခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်‌ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)