ဒဂုံဆိပ်ကမ်း ဇွန် ၂၃
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)အနေဖြင့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များ အရည်အသွေးကောင်းမွန်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပက်သက်၍ ဈေးကွက်မတင်မီ စစ်ဆေးခြင်း၊ ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်း၊ လူထုပညာ ပေးခြင်းများအား စီမံချက်များချမှတ်၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၈)ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များ၊ အလှကုန်ဆိုင်များနှင့် ကုန်စိမ်း/ကုန်ခြောက် အရောင်းဆိုင်များအား ယမန်နေ့ နံနက် ၁၀ အချိန်က ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်မှ ဦးစီးအရာရှိ ဦးအောင်သူဟိန်း ဦးဆောင်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အမှတ် ၈၈ ရပ်ကွက် ဈေးအတွင်းရှိ ကုန်စိမ်း/ကုန်ခြောက်ဆိုင်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များ၌ သံသယဖြစ်ဖွယ်ရာအရောင်ပါရှိသည့် အစားအသောက်များနှင့်ပက်သက်၍ Colour Tests များဆောင်ရွက်ခြင်း၊ အစားအသောက်များတွင် သုံးစွဲရန်ခွင့်မပြုသည့် တားမြစ်ဓာတုပစ္စည်းများ ပါဝင်မှုရှိ/မရှိတို့အား Mobile Lab Van အသုံးပြု၍ ဈေးကွက်ထောက်လှမ်း စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး အလှကုန်ဆိုင်များတွင် ပြည်ပနိုင်ငံများမှ တရားမဝင်တင်သွင်းထားသည့် အလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တားမြစ်ထားသည့် အလှကုန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိလိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် ဆေးဝါးရောင်းချသည့်ဆိုင်များအား ဆေးဝါးအတုနှင့် ဘေးဥပါဒ်ဖြစ်စေနိုင်သည့် ပစ္စည်းများဖြင့် ဖော်စပ်ထုတ်လုပ်ထားသော ဆေးဝါးများရောင်းချခြင်း ရှိ/မရှိ၊ ဆေးဝါးရောင်းချခွင့်လိုင်စင် ရှိ/မရှိ၊ အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းမွန်မှု ရှိ/မရှိ စသည့် သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စံနှုန်းများနှင့်မညီသည့် ဆေးဝါးများနှင့် ဆေးဝါးကုန်ဆုံးရက် ရောက်ရှိ/ ကျော်လွန်နေသော ဆေးဝါးများအား ရောင်းချခြင်း ရှိ/မရှိအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)