မုံရွာ ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့သူနာပြုသိပ္ပံကျောင်းတွင် “လူငယ်ထုအတွင်းမူးယစ်ဆေးဝါးနှင့် လောင်းကစားကင်းရှင်းရေးလူငယ်စကားဝိုင်း” အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုး၊ မုံရွာမြို့ သူနာပြုသိပ္ပံကျောင်းမှ သင်တန်းသား/သူ (၄) ဦးတို့က လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်လောင်းကစား၊ လူငယ်နှင့်ရည်မှန်းချက်စသည့် အကြောင်းအရာတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများက စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် သင်တန်းသား/သူများနှင့် ပြန်လည်မေးမြန်းဆွေးနွေးကြသူများအား တာဝန်ရှိသူများက အမှတ်တရဂုဏ်ပြု လက်ဆောင်များနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီးအမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်းသိရသည်။
ထို့နောက် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်စာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြပြီးနောက် ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)