မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲဝင်မည့် မကွေးဇုန်ကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနား တက်ရောက်

မကွေး ဇွန် ၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မကွေးဇုန်ကိုယ်စားပြုအားကစားသမားများအား ဩဝါဒစကားပြောကြားခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးတက္ကသိုလ်ရှိ ဘက်စုံခန်းမ၌ ကျင်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ မကွေးဇုန် (အမျိုးသား၊ အမျိုးသမီး) အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက မိတ်ဆက်ဂါရဝပြုကြပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကားပြောကြားရာတွင် ဒီကနေ့ဟာ (၂၅.၆.၂၀၂၆) ရက်နေ့ကနေ (၈.၇.၂၀၂၆) ရက်နေ့အထိ နေပြည်တော်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မယ့် တက္ကသိုလ်ပေါင်းစုံ ဇုန်အလိုက် အားကစားပြိုင်ပွဲတွေကို မကွေးဇုန်ကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ကြမယ့် ကျွန်တော်တို့ရဲ့လက်ရွေးစင်အသင်းသားတွေကို စိတ်ဓာတ်ခွန်အားတွေပေးဖို့နဲ့ "အောင်နိုင်ရေးအလံ" ပေးအပ်ပွဲအခမ်းအနားပဲဖြစ်ပါကြောင်း၊ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့် အားကစားနည်းစနစ် ကောင်းတွေကို အုပ်ချုပ်သူ/နည်းပြ တွေရဲ့ လမ်းညွှန်မှုနဲ့ စနစ်တကျ၊ အားသွန်ခွန်စိုက် စခန်းသွင်းလေ့ကျင့်ပြီးဖြစ်လို့ မိမိတို့ယှဉ်ပြိုင်ရမယ့် ဇုန်အသီးသီးက ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ဖို့အတွက် ကြံ့ခိုင်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ယုံကြည်မှုနဲ့ ကျွမ်းကျင်မှုတွေဟာ အပြည့်အဝ ရှိနေပြီလို့  ယုံကြည်ပါကြောင်း၊ မကွေးဇုန်ကိုယ်စားပြုအသင်းမှာ မကွေးတက္ကသိုလ်တင် မကဘဲ ပခုက္ကူတက္ကသိုလ်နဲ့ ရေနံချောင်းတက္ကသိုလ်တို့က လက်ရွေးစင်တွေပါ တက်တက်ကြွကြွနဲ့ အားမာန်အပြည့်ပါဝင်လာတာတွေ့ရလို့ ကျွန်တော်တို့ တိုင်းဒေသကြီးအတွက် အင်မတန်အားရကျေနပ်မိပါကြောင်း၊ မကွေးဇုန်ကိုယ်စားပြု လက်ရွေးစင်အားကစားသမားများအနေနဲ့ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာ "ဂုဏ်သိက္ခာရှိရှိ" ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ အထူးပဲမှာကြားလိုပါကြောင်း၊ အောင်မြင်မှုတွေရရှိဖို့အတွက် အုပ်ချုပ်သူ၊ နည်းပြတွေရဲ့စကားနဲ့ပြိုင်ပွဲရဲ့စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေတွေကို လေးစားလိုက်နာကြစေလိုကြောင်း၊ ပြိုင်ပွဲအတွင်းမှာ တတ်ကျွမ်း နားလည်တဲ့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို သေချာစွာ နာခံပြီး၊ နောင်တစ်ချိန်မှာ တောက်ပလာမယ့် "နိုင်ငံဂုဏ်ဆောင်လက်ရွေးစင်ကစားသမားကောင်းတွေ" ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မကွေးဇုန်အသင်း ပြိုင်ပွဲဝင်သွားရောက်မည့်အခြေအနေများနှင့် ပတ်သက်၍ မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်ကေခိုင်က ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ပြိုင်ပွဲဝင်မည့် မကွေးဇုန်အသင်းအတွက် အောင်နိုင်ရေးအလံကို လွှဲပြောင်းပေးအပ်ကာ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)