မုဒုံ ဇွန် ၂၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းသည် နိုင်လှုံကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသို့ ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့သည် နိုင်လှုံကျေးရွာ အထက်တန်းကျောင်းဝင်းအတွင်း (၆၀ X ၃၀) ပေ၊ RCC (၁)ထပ် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ညောင်ကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ညောင်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီအေးနှင့် ဆရာ/ ဆရာမများမှ ကြိုဆိုကာ ကျောင်းဝင်းအတွင်း (၁၄၀ X ၃၀) ပေ ၊ RCC (၂)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ မြို့မ (၄) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဗိုလ်တေဇသို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးမင်းအောင်နှင့် ဆရာ/ ဆရာမများမှ ကြိုဆို၍ ကျောင်းဝင်းအတွင်း (၁၄၀ X ၃၀) ပေ၊ RCC (၂) ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး နိုင်းပြိုင်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ရောက်ရှိလာခဲ့ရာ ကျောင်းဝင်းအတွင်း (၆၀ X ၃၀) ပေ၊ RCC (၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ကွေ့ဝမ်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းဝင်းအတွင်း (၄၀ X ၃၀) ပေ၊ RCC (၁) ထပ် စာကြည့်တိုက် အသစ်ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)