သုံးခွမြို့၌ မေထုန်မဲ့ သားစပ်နည်းသင်တန်းဖွင့်လှစ်

သုံးခွ ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် မေထုန်မဲ့ သားစပ်နည်းသင်တန်းကို ဇွန်လ ၂၂ရက် နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာကျော်ကိုကိုခိုင်က ကျေးရွာများတွင် မွေးမြူထားသည့် နို့စားနွား၊ အသားစားနွားနှင့် ဒေသနွားများအား ကိုယ်တိုင်စနစ်တကျ မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် မျိုးကောင်းမျိုးသန့် နွားများ တိုးပွားလာမည်ဖြစ်ပြီး ထုတ်လုပ်မှုအားကောင်းသည့် နွားမျိုးများကို တိုးချဲ့မွေးမြူနိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သင်တန်းနည်းပြဆရာက မေထုန်မဲ့ သားစပ်လုပ်ငန်း၊ မေထုန်မဲ့ သားစပ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ဆိုးကျိုးများ၊ မျိုးနွား သိုးမွေးမြူစောင့်ရှောက်ခြင်းနှင့် မျိုးပွားမှုဆိုင်ရာရောဂါများစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီးနောက် နို့စားနွား၊ အသားစားနွားနှင့် ဒေသနွားများအား မေထုန်မဲ့သားဆက်ခြင်းလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ နွားမွေးမြူသူ သင်တန်းသား (၁၂) ဦးအား ဇွန်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၅) ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)