ညောင်လေးပင်မြို့နယ် အ.ထ.က(၁)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ညောင်လေးပင် ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အ.ထ.က(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမဆောင်၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်စိုးက အဖွင့်မှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက လူငယ်များအသိပညာဗဟုသုတများ ပိုမိုတိုးတက်လာစေရန်နှင့် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ဦးဆောင်ဆွေးနွေးကာ Grade(11)မှ မဇင်မီမီဇော်က  လူငယ်တွေကိုလမ်းဖွင့်ပေးပါ ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade(11)မှ မသီရိမွန်က  လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ၊Grade(10)မှ မအိမ့်ဖူးငယ်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊  Grade(10)မှ မမေမြတ်သော်က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade(11)မှ မအိမ့်ယမုံဖူးက ပညာနှင့်ဘဝခေါင်းစဥ်များဖြင့် လည်းကောင်း ဆွေးနွေးသွားခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို ခေါင်းစဉ်အလိုက်မေးမြန်းခဲ့ရာ သက်ဆိုင်ရာခေါင်းစဥ်အလိုက် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၂၁၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်/စာစောင်များအား ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)