နတ်တလင်း ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား ပဏာမမျက်စိစမ်းသပ်စစ်ဆေးခြင်းကို အ.ထ.က (မြို့မ) ၌ ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါပဏာမမျက်စိစမ်းသပ်စစ်ဆေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးအေးသန့်၏ ဦးဆောင်မှုဖြင့် မိခင်ကလေးကျောင်းကျန်းမာ အာဟာရဦးစီးအရာရှိ ဒေါက်တာခိုင်သဉ္ဇာမှ မျက်စိနှင့် ပတ်သက်သည့် အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းကျန်းမာရေးဆရာမ ဒေါ်သင်းသင်းဌေး၊ မြို့နယ်မိခင်ကလေးကျန်းမာရေးဌာန ဝန်ထမ်းများမှ ကျောင်းသား/ကျောင်းသူ (၁၄၄၄) ဦးအား ပဏာမမျက်စိစမ်းသပ်စစ်ဆေးပေးခဲ့ကာ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာမြင့်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အ.ထ.က (မြို့မ) ကျောင်းအုပ် ဆရာမကြီး ဒေါ်နွယ်နွယ်နှင့် ဆရာ၊ ဆရာမများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)