ရန်ကုန် ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက် အားပေးကြသည်။
ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အခမ်းအနားတွင် ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူများက “မြန်မာ့စာပေယဥ်ကျေးမှုအမွေ” သီချင်းဖြင့် ဖျော်ဖြေတင်တက်၍ ဖွင့်လှစ်သည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် စာပေဟောပြောမည့် စာရေးဆရာ လင်းသိုက်ညွန့်(မြန်မာ့မြေ)ကို ဂုဏ်ပြုလက်ဆောင်နှင့် ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့သည် အခမ်းအနားအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ကွန်ပျူတာခန်း၊ အိမ်တွင်းမှုပြခန်း၊ ပန်းချီပြခန်း၊ ကင်းထောက်ခန်း၊ ကဗျာပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းပြိုင်ပွဲ၊ Energiser Quiz ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာပေစကားဝိုင်း ဆွေးနွေးပွဲများကို ကြည့်ရှု အားပေးပြီး စာပေစကားဝိုင်း ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူများနှင့် ပါဝင်ဆွေးနွေးသူများအား ဂုဏ်ပြု လက်ဆောင်များကို ပေးအပ်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် အနုပညာပြခန်း၊ ကျောင်း ကျန်းမာရေးပြခန်း၊ E-Library ၊ ဒဂုံရတနာ စာကြည့်တိုက်၊ ပညာပျိုးခင်း စာကြည့်တိုက်၊ အေးငြိမ်း အောင်မြင် ဘုရားခန်း၊ စာအုပ်အရောင်းဆိုင်ခန်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပြခန်း၊ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးပြခန်း၊ ကြက်ခြေနီအသင်းမှ ရှေးဦးပြုစုနည်းပြခန်းနှင့် မီးသတ်ဦးစီးဌာနပြခန်း စသည်တို့ကို လှည်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)