မင်းဘူးမြို့၌ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းဆောင်ရွက်

မင်းဘူး ဇွန် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် ရေပြင်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က မင်းဘူးမြို့ အမှတ် (၂) ရပ်ကွက်ရှိ ကမ်းနားလမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုဝေဟိန်း ဦးဆောင်သော ခရိုင်နှင့်မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့အစည်းများက ရေပြင်ရှာဖွေ ကယ်ဆယ်ရေးစွမ်းရည်ပြသမှု ဇတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်း အစီအစဉ်အဖြစ် ဧရာဝတီမြစ် ကမ်းနားတစ်လျှောက်နေထိုင်သော ပြည်သူများအား မိုးတွင်းကာလ မြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုနှင့် ရေဘေးအန္တရာယ်မဖြစ်ပွားစေရေး ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရန် Speed Boat ဖြင့် လှည့်လည်နှိုးဆော်ခြင်း၊ Intelligence Lifebuoy များ အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု သရုပ်ပြသခြင်း၊ သင်္ဘောတစ်စီးမီးလောင်မှုဖြစ်ပွား သောကြောင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ခြင်းနှင့် ရေပြင်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို တက်ရောက်လာကြသူများက ကြည့်ရှုအားပေးပြီး အရေပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ အဆိုပါအစီအစဥ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့်အဖွဲ့များအား မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် ခရိုင်နှင့်မြို့နယ်များတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရန်အတွက် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို တစ်မြို့နယ်လျှင် တပ်ဖွဲ့ဝင်အင်အား (၃၅) ဦးနှုန်းဖြင့် အရန်သင့်ဖွဲ့စည်းထားရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)