တံတားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်အန္တရာယ်ကင်းစင်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

တံတား ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် မူးယစ်အန္တရာယ်ကင်းစင်ရေးနှင့် မှုခင်းကျဆင်း‌ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် တံတားမြို့ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်‌ရေးမှူး ဦးရန်အောင်မျိုးထက်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် မှုခင်းဖြစ်ပွားမှုလျော့နည်းကျဆင်း စေရေး၊ ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့်ဥပဒေများကို သိရှိနိုင်စေရန်ရည်ရွယ်၍ မူးယစ်အန္တရာယ်ကင်းစင်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောခြင်းအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများ‌ ဟောပြောခြင်း၊ တံတားမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာစည်သူထွန်းက မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် ကျန်းမာ‌ရေးအသိပညာများဟောပြောခြင်း၊ တံတားမြို့မီးသတ်စခန်းမှ တပ်ကြပ်ကြီးရဲလင်းဝင်းက သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ဟောပြောခြင်း၊ တံတားနယ်မြေရဲစခန်းမှ နယ်မြေစခန်းမှူး ရဲအုပ်‌ကျော်စိုးအောင်က မှုခင်းကျဆင်းရေးနှင့်ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များအား အသိပညာပေးဟောပြောခဲ့သည်။ အခမ်းအနားကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း လူဦးရေ (၂၅၀) ဦး တက်ရောက်ခဲ့သည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား တံတားမြို့နယ်မြေရဲစခန်းမှ မှုခင်းကျဆင်းရေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်သူများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

လှိုင်သူဇာ(ပြန်/ဆက်)