ပြည် ဇွန် ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် "မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲ" အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၊ ပြည်ခရိုင်ရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာအခမ်းအနားတွင် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက အထိမ်းအမှတ် အဖွင့်အမှာစကား ပြောကြားပြီး၊ ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်နှင်းဆီရွှေက ကျောင်းသား၊ ကျောင်းသူလူငယ်များနှင့် တက်ရောက်လာသူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကိုလည်းကောင်း၊ စိတ်ပညာ ကျောင်းသားမောင်စည်သူကျော်က ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များအား မူးယစ်ဆေးဝါး အန္တရာယ်များကို သိရှိရှောင်ကြဉ်နိုင်စေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ နံရံကပ်စာစောင်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေး သုတ၊ ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝဏ္ဏထွန်း (ပြန်/ဆက်)