မင်းလှ ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် သင်တန်းနည်းပြအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာအောင်က အခမ်းအနားမှူးတစ်ဦးတွင်ရှိရမည့် အရည်အချင်းများအကြောင်း၊ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှုနှင့် အသံအနေအထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့်နည်းလမ်းများအကြောင်း၊ အသံအဖြတ်အတောက်၊ အနိမ့်အမြင့် အသုံးအနှုန်းများအကြောင်းနှင့် အခမ်းအနားမှူးတာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် နည်းလမ်းများကို စာတွေ့/လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းကို ဇွန်လ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ နှစ်ရက်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ သင်တန်းသူ(၁၈)ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)