ကသာ ဩဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ စေတီကုန်းကျေးရွာတွင် ဝဥလုပ်ငန်းကို မိသားစုစားဝတ်နေရေး အဆင်ပြေရန် တစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ် လုပ်ကိုင်သူများအနေဖြင့် ယခင်နှစ်ထက် ဝဥဈေးကောင်းရရှိပြီး မိသားစုအတွက် ပုံမှန်ဝင်ငွေရရှိကြောင်း ဝဥလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
ယခုနှစ် ဝဥဈေးကွက်အခြေအနေသည် ယခင်နှစ်ထက် ဈေးကောင်းရရှိပြီး မိုးတွင်းကာလတွင် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေ သည့်အပြင် အမြတ်ငွေရရှိမှုသည် ပုံသေသတ်မှတ်၍ မရဘဲ ရောင်းချရသည့် ဈေးနှုန်းအပေါ်မူတည်၍ အမြတ်ငွေရရှိကြောင်း သိရှိရသည်။
“ဝဥဟာ ကသာမြို့နယ်မှာရှိတဲ့နေရာအများအပြားမှာ ထွက်တယ်။ ဈေးကတော့ ပုံမှန်မရှိဘဲ သူတို့ ပို့လာရင် ဈေးတစ်မျိုး၊ သွားဝယ်ရင် ဈေးတစ်မျိုးနှင့် ဝယ်ယူရောင်းချရတယ်။ ဒီနှစ်ကတော့ ဝယ်ယူရောင်းချရတာ ဝသား ဈေးမကျသည့်အတွက် အဆင်ပြေပြီး ဝသားရောင်း တဲ့နေရာမှာ ဈေးကျသွားရင် ဝဥကိုဝယ်တဲ့နေရာမှာ ဈေးချပြီး ဝယ်ရတယ်။ ဝဥကတော့ တစ်ဆုံခြောက်ပိဿာ ပြုတ်ပြီး ခြောက်ပိဿာမှာ ဝသားအချိန်(၂၅)ပိဿာအထိ ရရှိတယ်။ ဒီလုပ်ငန်းနဲ့ မိုးတွင်းကာလမှာ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေတယ်” လို့ ဝဥ လုပ်ငန်းလုပ်ကိုင်သူ ဦးတင်ဖုန်းက ပြောကြားခဲ့သည်။
အဆိုပါ ကျေးရွာတွင် ဝဥလုပ်ငန်းလုပ်ကိုင်သူ (၈)ဦးခန့်ရှိပြီး တစ်ရွာလုံး၏ ဝဥ တစ်ရက်ဖြုန်းအားသည် အချိန်တစ်ရာအထိ ရောင်းချ ရကြောင်း၊ ဝသားများကို ကသာနှင့် ထီးချိုင့်မြို့နယ်များရှိ ကျေးရွာများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ဝဥအစိမ်းတစ်ပိဿာကို ငွေ(၁၂၀၀)ကျပ်ပေးဝယ်ပြီး စားသုံးရန် အသင့်ဖြစ်သည့် ဝသားကို တစ်ပိဿာ(၁၀၀၀)ကျပ် ပြန်လည်ရောင်းချရသဖြင့် ဝဥအစိမ်း တစ်ပိဿာတွင် ဝသားအနေဖြင့် ငါးပိဿာအထိ ထွက်ရှိကြောင်း သိရသည်။
ယခင်နှစ်က ဝသားများကို တစ်ပိဿာ ငွေကျပ်(၅၀၀)နှင့်(၆၀၀)ကြားရောင်းချရပြီး ယခုနှစ်မှာ ဝသား တစ်ပိဿာ(၁၀၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ ဝဥမှ ဝသားအဖြစ်လုပ်ဆောင်ရာတွင် ဓာတု ဆေးဝါးပစ္စည်းမပါဘဲ ထုံးနှင့်ဆားသာ ထည့်သွင်းပြုလုပ်ထားသည့် အတွက် စားသုံးသူများအနေဖြင့် သန့်ရှင်းကောင်းမွန်စွာ စားသုံးနိုင်ကြောင်း ဝဥလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။
ရဲအောင်(ပြန်/ဆက်)