ရန်ကုန်မြို့စည်ပင်သာယာရေးလုပ်ငန်းများအား မြို့တော်ဝန်စစ်ဆေး

ရန်ကုန်  ဇွန်  ၂၈

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)  ဦးမျိုးမြင့်အောင်သည် အတွင်းရေးမှူး ဦးချိုထွန်းအောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က စည်ပင်သာယာလုပ်ငန်းများ  ကြည့်ရှုစစ်ဆေးသည်။

မြို့တော်ဝန်နှင့်အဖွဲ့သည်အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်းဘေးရေမြောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍မြို့တော်ဝန်နှင့်အဖွဲ့သည်လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊(၁၅)ရပ်ကွက်ရှိမြေသားမိုးရေစုကန်ကို ကြည့်ရှုစစ်ဆေးပြီး ကန်ဝန်းကျင် သန့်ရှင်းသာယာရေးလုပ်ငန်း များဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက်မြို့တော်ဝန်နှင့်အဖွဲ့သည်ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်ဇလားပုံသဏ္ဌာန် အုတ်ရေမြောင်းတည်ဆောက်နေမှု၊အုတ်ရေမြောင်းနှင့်လူသွားစင်္ကြံကြား မြေညှိပြုပြင်၍အရိပ်ရပင်များစိုက်ပျိုးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ ဒဂုံ - ဧရာပွဲရုံနှင့် အဝေးပြေးယာဉ် ရပ်နားစခန်းသို့ သွားရောက်၍ စခန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများက ဒဂုံ - ဧရာပွဲရုံနှင့်အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြကြရာ မြို့တော်ဝန်က လိုအပ်သည်များမှာကြားပြီး အဝေးပြေးဝင်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ထန်းတပင်မြို့နယ်၊ သဲဖြူကျေးရွာရှိ သဲဖြူရေပေးဝေရေးစခန်းသို့ သွားရောက်၍ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Filter Unit အဆောက် အဦး တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်၌ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ဌာနမှူးနှင့် တာဝန်ရှိသူများက လှိုင်သာယာမြို့နယ်များသို့ ရေပေးဝေရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ မြို့တော်ဝန်က လိုအပ်သည်များ မှာကြားခဲ့​ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)