ဘားအံမြို့တွင်မြန်မာနိုင်ငံဂီတနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ဘားအံ ဇွန် ၂၈

ကရင်ပြည်နယ် ဘားအံမြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံဂီတနေ့အထိမ်းအမှတ်အခမ်းအနားကို ဇွန်၂၇ ရက်နံနက်ပိုင်းက ဘားအံမြို့၊ဇွဲကပင်ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးအောင်မြင့် ရေးစပ်ထားသော မြန်မာ့ဂီတနေ့တို့မမေ့ သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်‌ခဲ့ပြီး ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုး၀င်းက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ် ဂီတအစည်းအရုံးဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းက မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပြီး ကရင်ပြည်နယ်ဂီတအစည်းအရုံးဥက္ကဋ္ဌက ကရင်ပြည်နယ် ဂီတအစည်းအရုံးဖွဲ့စည်းပုံများ ၊မြန်မာ့ဂီတကိုမြတ်နိုးတန်ဖိုးထားတတ်ရန်အတွက် ဂီတအစည်းအရုံးလှုပ်ရှားမှုဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီးနှင့်တာ၀န်ရှိသူများက ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဇွန် (၂၅)ရက်က လူငယ်စင်တာတွင် ကျင်းပပြုလုပ်ခဲ့သည့် ခေတ်ဟောင်းကာလပေါ်အဆိုပြိုင်ပွဲတွင် ပြိုင်ပွဲ၀င်(၁၄)ဦး၊ ခေတ်ပေါ်စတူဒီယိုပြိုင်ပွဲတွင် ပြိုင်ပွဲ၀င်(၂၁)ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့သော ဆုရရှိသူများကို ဆုများ တာ၀န်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့်ဂီတအစည်းအရုံးအဖွဲ့၀င်များမှ တေးသီချင်း၊အကများဖြင့်ဖျော်‌ဖြေတင်ဆက်ခဲ့ကြသည်။

ဇင်လေး(ပြန်/ဆက်)