မိုးညိုမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မိုးညို ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်(အကြို) လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်

ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးမင်းကြည်က လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုဆိုင်ရာဖြစ်စဉ်များ၊ ရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရမည့် အချက်များ၊ လူကုန်ကူးမှုဖြစ်ပွားလာပါက ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းက လူကုန်ကူးမှုအန္တရာယ် ကင်းဝေး‌စေရေး၊ လူကုန်ကူး ခံရခြင်းကြောင့် ရရှိသောဆိုးကျိုးများ၊ လူကုန်ကူးသူများ အသုံးပြုသောနည်းလမ်းများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ဟောပြောခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့က လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ ၁၃၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ကိုမင်း(ပြန်/ဆက်)