အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အမျိုးသမီးအားကစား Fitness Dance ပြိုင်ပွဲ ကျင်းပ

ရန်ကုန် ဇွန် ၂၉

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် အမျိုးသမီးအားကစား Fitness Dance ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကဋ္ဌများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးဦးထွန်းထွန်းဦး ၊ အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် အမှုဆောင်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသူများ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေးက အဖွင့်အမှာစကား ပြောကြားကာ ပြိုင်ပွဲများအား စတင်ယှဉ်ပြိုင်ကစားကြပြီး ရွှေမင်းမြတ် ဦးဆောင်သော ရွှေမင်္ဂလာအဖွဲ့ ၊ ခင်မမ ဦးဆောင်သော Unity and Healthy Zumba Nation Myanmar နှင့် Zumic Instructors အဖွဲ့များက သရုပ်ပြကစားခဲ့ကြသည်။

ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့် ဒုတိယဥက္ကဋ္ဌ များက ပြိုင်ပွဲတွင် ပထမဆု ၊ ဒုတိယဆု ၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိခဲ့ကြသည့် အားကစားသမားများအား ဂုဏ်ပြုဆု‌ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သရုပ်ပြကစား ခဲ့သော အဖွဲ့များကိုလည်း အမှတ်တရ Trophy များ ပေးအပ်ကာ စုပေါင်းကစားခဲ့ကြပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြ‌ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)