ကြို့ပင်ကောက်မြို့ အထက‌ကျောင်းတွင် ဖီးကြမ်းငှက်ပျော (ကျောက်စိမ်းမျိုး) စုပေါင်းစိုက်ပျိုးပွဲ ကျင်းပ

ကြို့ပင်ကောက် ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် အထက(ကြို့ပင်ကောက်) ကျောင်းတွင် ဒေသထွက် ဖီးကြမ်းငှက်ပျော(ကျောက်စိမ်းမျိုး) စုပေါင်းစိုက်ပျိုးပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စီမံမှုဖြင့် ယမန်နေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

ကျောင်းသားကျောင်းသူများ ဓါတုကင်းလွတ်သီးနှံ စားသုံးခြင်းဖြင့် ဉာဏ်ရည် တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ တစ်ပတ်လျှင် ငှက်ပျောသီးတစ်လုံး စားသုံးနိုင်ရေးအတွက် အခြေခံပညာကျောင်းများတွင် ငှက်ပျောမျိုး ကောင်းများ စိုက်ပျိုးရခြင်းဖြစ်ကြောင်း အခြေခံပညာကျောင်းများအပြင် ဒေသခံပြည်သူများ၏ အိမ်ခြံများတွင်လည်း တနိုင်တစ်ပိုင် စိုက်ပျိုးသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက ပြောသည်။

အဆိုပါ ငှက်ပျောပင် စုပေါင်းစိုက်ပျိုးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးထက်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးမောင်မောင်ဌေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများက ဖီးကြမ်းငှက်ပျော(ကျောက်စိမ်းမျိုး) ပျိုးပင်(၅၀)အား ၁၅ ပေစီခြား၍ စုပေါင်း စိုက်ပျိုးခဲ့ကြသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)