မင်္ဂလာတောင်ညွန့် ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စံပြဖဆပလရပ်ကွက်၊ မြဝတီအိမ်ရာဝန်းတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းက ပျိုးပင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းထွန်းထံသို့လည်းကောင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်ရှိန်က ပျိုးပင်များအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ထံသို့လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က ပျိုးပင်များအား မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးရဲအောင်လွင်ထံသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မင်္ဂလာတောင်ညွန့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သတ်မှတ်နေရာများတွင် ပျိုးပင်များအား စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
မြတ်မြတ်အေး (ပြန်/ဆက်)