ရွှေပြည်သာ ဇွန် ၂၉
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် (၀၉:၀၀)နာရီက ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားသည်။
အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းတွင်(WCC)အဖွဲ့ဝင်များအနေဖြင့် အလုပ်သမားရေးရာဥပဒေများ၊ ဥပဒေပါအကျိုးခံစားခွင့်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အစီအမံများ၊ လုပ်ငန်းခွင်ဆိုင်ရာ လိုက်နာရမည့်တာဝန်များ၊ အလုပ်ချိန်ဆိုင်ရာပြဋ္ဌာန်းချက်များ စသည့် ဥပဒေပါ လိုက်နာရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်၊ အငြင်းပွားမှုဖြေရှင်းသူများ လိုက်နာရမည့်ကျင့်ဝတ်များ သိရှိစေခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ဖြစ်ပွားသော အငြင်းပွားမှုများ၊ သဘောထားကွဲလွဲမှုများ လျော့နည်းကာ လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအားမြင့်မားစေရန်အတွက် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့ရုံးတို့က စည်းကြပ်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများကို မြို့နယ်တာဝန်ခံများက ရှင်းလင်းဆွေးနွေးခြင်း၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ဆွေးနွေးပို့ချခြင်း၊ အငြင်းပွားမှုများကို လက်တွေ့သရုပ်ပြဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် စက်ရုံ၊ အလုပ်ရုံ (၁၅)ရုံမှ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ (၅၁)ဦး တက်ရောက်ခဲ့ရာ သင်တန်းအောင်မြင်စွာပြီးမြောက်၍ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ဆက်)