သဲကုန်း ဇွန် ၂၉
ကျောင်းသား/ ကျောင်းသူလူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြင့်မားစေရန်နှင့် လူအများရှေ့တွင် ရဲဝင့်စွာပြောဆိုတက်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က (ခွဲ) ရွာလှ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က (ခွဲ) ရွာလှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဝင်း အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က (ခွဲ) ရွာလှမှ ကျောင်းသား/ ကျောင်းသူများက လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်စည်းကမ်းစသည့် ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြ၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ ရရှိစေမည့် စာအုပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)