တာမွေ ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်း ရွှေထွဋ်တင်ကွင်းရှေ့တွင် ယနေ့နံနက်ပိုင်းအချိန်က အမှတ် (၂၅) ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး အေးသန်းနှင့် ဝန်ထမ်းများက ယာဉ်စည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တက္ကစီ (၆၀) စီးအား ဟောင်းနွမ်းနေသော TAXI BOX များအား အသစ်လဲလှယ်တပ်ဆင်ရန်၊ ညပိုင်းအချိန်တွင် မီးထွန်းရန်၊ ကြော်ငြာများ မကပ်ကြရန်၊ နည်းဥပဒေပုဒ်မ ၂၇၅ အရ CITY BOX အား ခရီးသည်များ မြင်သာသည့်နေရာတွင် ထောင်ထားရှိရန်၊ ခရီးသည်များအနေဖြင့်လည်း မိမိစီးသည့် တက္ကစီ၏ CITY BOX အား ဓာတ်ပုံရိုက်ထားရန်နှင့် အရေးအကြောင်းလိုအပ်ပါက သက်ဆိုင်ရာသို့ အထောက်အထားပြနိုင်ရန် ခရီးသည်များနှင့် ယာဥ်မောင်းများအား အသိပညာပေးမှာကြားခဲ့ကြောင်း သိရသည်။
အမှတ် (၂၅) ယာဥ်ထိန်းရဲတပ်ဖွဲ့စုအနေဖြင့် တာမွေမြို့နယ်အတွင်း ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့် ပတ်သက်၍လည်း ပြည်သူများနှင့် ကျောင်းသား/ သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထက်တံခွန် (တာမွေ)