နတ်မောက်မြို့၌ တတိယအကြိမ်မြောက် သိုး၊ ဆိတ်မွေးမြူထုတ်လုပ်မှုသင်တန်းဖွင့်လှစ်

နတ်မောက်  ဩဂုတ်    ၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကိုဗစ်-၁၉  ၏စီးပွားရေးအပေါ်ထိခိုက်မှုသက်သာရေး စီမံချက် (CERP) အရ ဖွင့်လှစ်သော တတိယ အကြိမ်မြောက် သိုး၊ ဆိတ်မွေးမြူထုတ်လုပ်မှုသင်တန်းကို ယနေ့နံနက် (၁၀)နာရီ ကမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။                                         

အဆိုပါ သင်တန်းတွင် နတ်မောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်ကျော်တိုးက သင်တန်းအမျိုးအစား (၆)မျိုးဖြစ်သည့်  မေထုန်မဲ့သားစပ်သင်တန်းတွင် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် မျိုးမြှင့်မျိုးပွားလုပ်ငန်းအောင်မြင်စေရန်၊ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းတွင် မွေးမြူသူများမှ အခြေခံတိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လုပ်ကိုင်လာနိုင်စေရန်၊ ကျွဲနွားမွေးမြူရေး  သင်တန်းတွင် ဈေးကွက်ဝင်ကျွဲနွားများ မွေးမြူထုတ်လုပ်လာနိုင်စေရန်၊ ဝက်မွေးမြူရေးသင်တန်းတွင် ထုတ်လုပ်မှု ကောင်းမွန်သော ဝက်မျိုးများ စနစ်တကျမွေးမြူလာနိုင်စေရန်၊ ကြက်မွေးမြူရေးသင်တန်းတွင် တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်း ပိုမိုဖြစ်ထွန်းလာစေရန်နှင့် သိုး၊ ဆိတ်မွေးမြူရေး သင်တန်းတွင် ဒေသနှင့်ကိုက်ညီသော သိုး၊ ဆိတ်များ မွေးမြူလာနိုင်စေရန်စသည့် သင်တန်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  သိုး၊ ဆိတ် မွေးမြူထုတ်လုပ်မှုသင်တန်းကို ပို့ချခဲ့ရာ သင်တန်းနည်းပြဆရာ(၃)ဦးနှင့် ရပ်ကွက်/ ကျေးရွာများရှိ သင်တန်းသား/သူ (၂၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၃)ရက်ပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။

လှဝင်း (နတ်မောက်)