ဗန်းမောက် ဩဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆောင်ရွက်မည့်ကျေးရွာ ၉ ရွာအတွက် ရန်ပုံငွေ ကျပ်သိန်း ၂၁၀၀ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက လွှဲပြောင်း ပေးအပ်ခဲ့သည်။
အဆိုပါ ရန်ပုံငွေပေးအပ်ပွဲတွင် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေ၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီဟန်နှင့် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအေးမင်းတို့က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်က စီမံကိန်းလုပ်ငန်းစဉ်များ၊ ရန်ပုံငွေလွဲပြောင်းပေးအပ်ရခြင်းနှင့် စာချုပ်ချုပ်ဆိုရခြင်း အကြောင်းကို ရှင်းလင်းပြောကြား၍ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာများက စီမံကိန်းဆောင်ရွင်မည့် ကျေးရွာကော်မတီဝင်များထံသို ရန်ပုံငွေကျပ်သိန်း ၂၁၀၀ ကို လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ဗန်းမောက်မြို့နယ်တွင် (VRFP) ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို အင်းပေါက်၊ ပင်းခါး၊ နောင်မလင်၊ ကနန်းလိပ်စော၊ ဟဲချိန်၊ နန့်ပုံ၊ ညောင်ကိုင်း၊ နားမလင်၊ ဆည်ဦးကျေးရွာများ၌ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်စွာ(ဗန်းမောက်)