ဝန်းသို ဩဂုတ် ၆
၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးချိန်ကာလ နယ်ချဲ့အင်္ဂလိပ်နယ်တို့ကို ၇ နှစ်တိုင်တိုင် ရွှပ်ရွှပ်ချွံချွံတွန်း လှန်တိုက်ခိုက်ခဲ့သည့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်အား ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဝန်းသို-ကျောက်တန်း မြို့ထွက်လမ်းဘေးတွင် စော်ဘွားကြီး ဦးအောင်မြတ် ရုပ်တုသစ်ထားရှိသွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းမှစတင်၍ အောက်ခံဖောင်ဒေးရှင်းပေါ်သို့ တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“ ရုပ်ထုတပ်ဆင်ဖို့ရာ လိုအပ်တဲ့ ငြမ်းဆင်ခြင်းလုပ်ငန်းကို ယနေ့နံနက်မှစတင်ပြီး ရုပ်ထုဖြစ်မြောက်ရေး ကော်မတီအဖွဲ့နဲ့ ရုပ်ထုပညာရှင် ဆရာ စူးမြင့်သိန်းအဖွဲ့၊ အလှူရှင်များပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါပြီ၊ ရုပ်ထုတပ်ဆင်တာတော့ ခန့်မှန်းကြာချိန် ၁၅ ရက် လောက်ကြာမယ်ထင်ပါတယ်၊ ဆက်လက်ပြီး ရပ်ဝေးရပ်နီးမှ ခရီးသွားပြည်သူများ လွယ်လင့်တကူဝင်ရောက် လေ့လာဂုဏ်ပြုနိုင်ဖို့အတွက် ပန်းခြံ၊ ရေပန်း၊ ဗိမာန်များကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်“ ဟု အကျိုးတော်ဆောင် မုံရွာလမ်းတံတားဆရာတော် အရှင်သူရိယ က မိန့်ကြားခဲ့သည်။
မောရိယမဟာဝံသ သီရိသုဓမ္မရာဇာ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ကြေးရုပ်ထုအား ဝန်းသိုမြို့ မဟာမှန်ကျောင်း ကျောင်းတိုက်ရှေ့ လမ်းဆုံ နေရာတွင် ၂၀၀၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ဖွင့်လှစ်တည်ထားခဲ့ပြီး ယခု စစ်သူကြီးဝတ်စုံဖြင့် အမြင့် ၁၈ပေရှိ အင်္ဂတေဖြင့်ပြုလုပ်ထားသော စော်ဘွားကြီး ဦးအောင်မြတ်ရုပ်တုအသစ်ကို ခန့်မှန်းငွေကျပ် သိန်း ၃၅၀ကျော် ကုန်ကျခံ၍ ဝန်းသို-ကျောက်တန်းမြို့ထွက်တွင် တည်ထားသွားမည်ဖြစ် ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)