ဒဂုံ(အရှေ့) ဩဂုတ် ၆
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ များတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် အမည်စာရင်း ကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့မှ ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့ပေါ်ရှိ ရပ်ကွက် (၂၉)ရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးများ၌ မဲဆန္ဒရှင် စာရင်း ကြေညာထားရှိမှုများ၊ အသိပညာပေးနှိုးဆော်မှုများ၊ ဒေသခံ ပြည်သူများ မဲစာရင်း လာရောက်ကြည့်ရှုမှု၊ မဲစာရင်းတွင် သတ်မှတ်ချက်များအတိုင် ဆောင်ရွက် ထားရှိမှုများနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိကြသည့် စာရင်းများ ကောက်ယူနိုင်ရေး အခြေအနေများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာ အောင်မျိုးဟိန်းနှင့် အဖွဲ့ဝင်များက ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအား တွေ့ဆုံမေးမြန်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ ၁၄ ရက်ကြာ ကြေညာထားမည် ဖြစ်ပြီး မဲစာရင်းတွင် အမည်မပါခြင်း၊ မှားယွင်းနေသည့် အချက်များ ပြင်ဆင်ခြင်းနှင့် မပါဝင်သင့်သူများကို ပယ်ဖျက်ခြင်း စသည့် လုပ်ငန်းစဉ်များကို ပုံစံ(၃)၊ ပုံစံ(၄)နှင့် ပုံစံ(၄-ဂ) တို့ဖြင့် လာရောက်ပြင်ဆင် ဆောင်ရွက် နိုင်ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၂၉ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃ အုပ်စု၊ ကျေးရွာပေါင်း ၆ ရွာ တို့တွင် ဆန္ဒမဲပေးခွင့် ရှိသူ စုစုပေါင်း( ၁၃၅၃၃၇) ဦးရှိရာ မသန်စွမ်းသူများ မဲပေးခွင့်ရှိသူ စုစုပေါင်း ၂၅၂ ဦးရှိပြီး မဲရုံပေါင်း ၁၇၅ ရုံ ထားရှိမည် ဖြစ်ကြောင်းနှင့်ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၅ ရက်နေ့အထိ ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာ ထားမှုအား လာရောက် ကြည့်ရှုသူ (၁၉၇၆၆) ဦးနှင့်တောင်းဆို၊ ပြင်ဆင်၊ ကန့်ကွက် လွှာ လျှောက်ထားသူ (၄၁၆၂) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
လှလှထွေး(ပြန်/ဆက်)